၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်များ လှည့်လည်လေ့လာ

 

နေပြည်တော် ၂၀၂၄ ဩဂုတ် ၁၀

 

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းက MAI လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် ထူးချွန်ကျောင်းသား ကျောင်းသူများသည် မြဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး မွန်းလွဲ ၁ နာရီတွင် ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေက အုပ်ချုပ်သူများနှင့် ကျောင်းသား ကျောင်းသူများကို ကြိုဆိုနှုတ်ဆက်ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုစကားပြောကြား၍ ထူးချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ မြန်မာသံရုံးတွင် မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို သုံးဆောင်ကြသည်။

 

ယင်းနောက် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ရှိ Siam Ocean World နှင့် Madame Tussauds Museum သို့ သွားရောက်လေ့လာကြသည်။ ညနေပိုင်းတွင် ကျောင်းသား ကျောင်းသူများသည် Asiatique The Riverfront သို့ ဆက်လက်ထွက်ခွာပြီး Chao Phraya River Cruise ဖြင့် လိုက်ပါစီးနင်းကာ ကျောက်ဖရားမြစ်တစ်လျှောက် ဗန်ကောက်မြို့၏ ညဘက်ရှုခင်းများကို ကြည့်ရှုခံစား၍ ညစာသုံးဆောင်ကြသည်။

 

ယမန်နေ့ နံနက် ၈ နာရီတွင် တည်းခိုရာ Holiday Inn မှ ဗန်ကောက်မြို့ Assumption University သို့ ထွက်ခွာရာ Assumption University မှ တာဝန်ရှိသူများက ကြိုဆိုပြီး true lab ခန်းမတွင် နှုတ်ခွန်းဆက်စကားပြောကြားကာ တက္ကသိုလ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့် သင်တန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပရိဝုဏ်အတွင်း trams ရထားဖြင့် လိုက်လံရှင်းလင်းပြသသည်။

 

ယင်းနောက် ထူးချွန်ကျောင်းသား ကျောင်းသူများသည် Assumption University မှ ဆက်လက် ထွက်ခွာကြရာ Nongnooch Tropical Garden သို့ ရောက်ရှိကာ ပန်းခြံအတွင်းရှိ ပြကွက်များ၊ Museum များကို လှည့်လည်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။

 

မွန်းလွဲပိုင်းတွင် ပတ္တရားကမ်းခြေရှိ Seafood Pattaya တွင် နေ့လယ်စာ စားသုံးကြပြီး Najomtien Beach နှင့် ပတ္တရားကမ်းခြေတစ်လျှောက် ကမ်းခြေအလှကို ကြည့်ရှုခံစားရင်း Pattaya Viewpoint တွင် အမှတ်တရဓာတ်ပုံများရိုက်ကာ ဗန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာကြသည်။ ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ Tower တွင် ဗန်ကောက်မြို့ ညရှုခင်းအလှကို ခံစားရင်း ညစာသုံးဆောင်ခဲ့ကြကြောင်း သိရသည်။