နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၈

          ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်သည်။

          အဆိုပါဗိုလ်လုပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ၊ တက္ကသိုလ်များနှင့်   ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

          အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း များဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင် ကြကာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင်ကစားချိန်တွင်လည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ကစားကြသော်လည်း ဒုတိယပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ သည်။

          ယင်းနောက် အချိန်ပို မိနစ် ၃၀ ကစားချိန်တွင်လည်း ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။

          ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်း ဆုံး (ဂိုးသမား) ဆု၊ အကောင်းဆုံး (နောက်တန်း) ဆု၊ အကောင်းဆုံး (အလယ်တန်း) ဆု၊ အကောင်းဆုံး (ရှေ့တန်း) ဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

          ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်းကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန်အသင်းကိုလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

          ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပထမဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းကို တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သည်။

          ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေ များနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

          ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။