နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိပြီးစာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ဆရာ၊ ဆရာမလောင်းများ ဖြစ်သည်နှင့်အညီ တပည့်များကို ထူးချွန်ထက်မြက်အောင် ပြန်လည်သင်ကြားနိုင်ရေးအတွက် သင်ပြနည်းစနစ်များ၊ ပညာရေး သဘောတရားနှင့် စီမံခန့်ခွဲမှုပညာများ၊ ပညာရေးစိတ်ပညာ၊ အားကစားနှင့် ကာယပညာတို့ကို အာရုံစိုက်သင်ယူ လေ့ကျင့်ကြရန် တိုက်တွန်းသည်။ ထို့နောက် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံကာ ပညာရေးတက္ကသိုလ်များသာမက ပညာရေးဒီဂရီကောလိပ်များ၏ သင်ရိုးညွှန်းတမ်းများ ကောင်းမွန်ရေးအတွက် ပညာရေးတက္ကသိုလ်နှစ်ခု ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ပုဂ္ဂလိကကျောင်းဆရာလက်မှတ် သင်တန်းများ စနစ်တကျဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများကို သင်ကြားရေးဘာသာရပ်များသာမက ကာယပညာ၊ ကျောင်းကျန်းမာရေးပညာနှင့် အားကစားတို့ကို တပည့်များအား ပြန်လည်ပို့ချလေ့ကျင့်ပေးနိုင်သည်အထိ မိမိကိုယ်တိုင်တတ်မြောက်အောင် လေ့ကျင့်ကြစေလိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ရှိ ဧရာဝတီအင်တာနေရှင်နယ် ပုဂ္ဂလိကကျောင်းသို့ ရောက်ရှိပြီး ပုဂ္ဂလိကပညာရေးဥပဒေနှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ မကြာမီထုတ်ပြန်မည့် နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရေးနှင့် ပြည်သူ့နီတိနှင့်အညီ နေထိုင်ပြုမူ ပြောဆိုတတ်စေရေး ပျိုးထောင်ပေးရန် မှာကြားကြောင်း သိရသည်။
