နေပြည်တော် ၂၀၂၃ ဇွန် ၃၀
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အဋ္ဌမနေ့ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းများတွင် ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဆက်လက်ယှဥ်ပြိုင်ကစားကြသည်။
နံနက်ပိုင်းတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီး ဌာန(က)အသင်းက ရှစ်ဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။
ထို့အတူ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက လေးဂိုး - နှစ်ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ခုနစ်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိသွားသည်။
အလားတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ယနေ့ကျင်းပသည့် ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူ များ လာရောက်ကြည့်ရှု အားပေးကြသည်။
ဇူလိုင် ၁ ရက်တွင် ပြိုင်ပွဲခေတ္တရပ်နားမည်ဖြစ်ပြီး ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ အကြိုဗိုလ်လုပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေး ဝန်ကြီးဌာန(က)တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ညနေပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
