၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၂၈

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ သတ္တမနေ့အုပ်စုပွဲစဥ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းများတွင် ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ အုပ်စု(ဂ)ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန (က)အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက  ရှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် အဆိုပါလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ အုပ်စု(ခ)ပွဲစဉ်အဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျသည်။

ထို့အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(ခ)မှ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ  ဂိုးမရှိ သရေကျသည်။

ယနေ့ကျင်းပသည့်  အုပ်စုပွဲစဉ်များ၏ ယှဉ်ပြိုင်ကစားမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ ကြည့်ရှုအားပေးကြသည်။

ဇွန်၂၉ ရက်တွင် ပြိုင်ပွဲကို ခေတ္တရပ်နားမည်ဖြစ်ပြီး ဇွန် ၃၀ ရက်တွင် သတ်မှတ်ထားသည့် အုပ်စုအလိုက် အုပ်စု ပထမ၊ ဒုတိယ၊ တတိယအသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် အုပ်စုပွဲစဉ်များမှ အနိုင်ရရှိလားသည့် အသင်းများက အကြိုဗိုလ်လုပွဲသို့ တက်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။