၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၂၆

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ပဉ္စမနေ့ အုပ်စုပွဲစဥ်များအဖြစ် ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ ဆက်လက်ယှဥ်ပြိုင် ကစားကြသည်။

 

နံနက်ပိုင်းတွင် အုပ်စု (က) ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (က) အသင်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (က) အသင်းက နှစ်ဂိုး - ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

ညနေပိုင်းတွင် အုပ်စု (ခ) ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 

ယနေ့ ယှဉ်ပြိုင်ကစားကြသည့် အုပ်စုပွဲစဉ်များကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြသည်။

 

ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အုပ်စု (ဂ) မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ) အသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌လည်းကောင်း၊ ညနေပိုင်းတွင် အုပ်စု (က) မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့သည် လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌လည်းကောင်း၊ အုပ်စု (ဂ) မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (က) အသင်းနှင့် ပညာရေးဝန်ကြီးဌာန (ခ) အသင်းတို့သည် လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။