ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်( ၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၂၁

ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာမှူးကြီးများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဦးစီးဌာနရုံးများမှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အင်ဂျင်နီယာများအနေဖြင့် မိမိတို့တာဝန်ကျရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများ၊ ရုံးများတွင် ဆောက်လုပ် ရေးလုပ်ငန်းများသာမက ရေ၊ မီး စသော အခြေခံကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်၊ ပညာရေးမှူးများ၊ ဘဏ္ဍာရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့လေ့လာသိရှိသော အသိပညာများကို မိမိတို့၏ အတတ်ပညာ၊ အတွေ့အကြုံများကို စေတနာနှင့်ပေါင်းစပ်ပြီး မိမိအား တာဝန်သတ်မှတ်ပေးထားသည့် ဒေသရှိ ပညာရေးဝန်ကြီး ဌာန၏ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ရုံးများရှိ အဆောက်အအုံများ တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီ စေရေးအတွက် တာဝန်ယူကြီးကြပ်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းဆရာများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာအောင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွေးဦး၊ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်၊ ဌာနမှူး ဦးချစ်ကိုကို၊ ဌာနမှူး ဒေါ်မာလာ၊ ဌာနမှူး ဦးစိုင်းကိုကို၊ အင်ဂျင်နီယာမှူးကြီး ဒေါ်တည်တည်အုန်းတို့က  အစီအစဉ်အတိုင်း ပို့ချသင်ကြားပေးကြသည်။

 

အဆိုပါသင်တန်းသို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာရုံးများမှ ရာထူးအဆင့်ဆင့် အင်ဂျင်နီယာ ၁၂၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို ဇွန် ၂၁ ရက်မှ  ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြားလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။