နေပြည်တော် ၂၀၂၃ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအလိုက် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့ရည်မှန်းချက်ကို အောင်မြင်အောင်ဖြည့်ဆည်းပေးမည်မှာ ပညာသာဖြစ်၍ ပညာတတ် လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း၊ ပညာတတ် လူတော်လူကောင်းဖြစ်အောင်ကြိုးစားခြင်းသည် မိမိဘဝ၊ မိမိဒေသ၊ မိမိပြည်နယ်နှင့် မိမိနိုင်ငံကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို စာတတ်အောင် သင်ကြားပေးရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်၍ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသူများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ရူပမြောက် အခြေခံပညာမူလတန်းကျောင်း၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ ဥယျာဉ်သာ အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်း၊ အမြင့်ကျွန်း အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အောင်မင်္ဂလာမြောက် အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းနှင့် စက်ရုံစု အခြေခံပညာအထက်တန်းကျောင်းခွဲများသို့ သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ စာသင်ဆောင်များ၊ ယာယီစာသင်ဆောင်များတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေတက္ကသိုလ်သို့ သွားရောက်၍ စာသင်ဆောင်၊ ဆရာဆောင်၊ ကျောင်းသားဆောင်များ ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တည်ဆောက်ရေးလုပ်ငန်းများ ဦးစားပေးအလိုက် အမြန်ဆုံးပြီးမြောက်ရေး မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
