ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ၂၀၂၃ မတ် ၂၉

 

ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ကောင်းမွန်စေရေးအတွက် ရည်ရွယ်ကျင်းပသည့် ပညာရေးညီလာခံကို ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍ နေပြည်တော်၌ ကျင်းပရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်အနက်မှ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးဦးတည်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပညာရေးညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး KG+9 မဖြစ်မနေ ပြီးမြောက်အောင်မြင်ရေး၊ ပညာသင်ယူမှု အခွင့်အလမ်းများမြှင့်တင်ရေး၊ ကျောင်းတက်ရောက်သူဦးရေ ပိုမိုတိုးတက်လာစေရေး၊  KG+9 အလွန် ပညာရေးအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးပညာစဉ်ဆက်မပြတ် သင်ယူလေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ တိုးတက်အောင်မြင်ရေးနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ရေး၊ အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်း လေ့ကျင့်ပျိုးထောင်ရေး အစရှိသည့် ဆွေးနွေးပွဲခေါင်းစဉ်များကို အသေးစိတ်ဝိုင်းဝန်းဆွေးနွေး သတ်မှတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အနာဂတ်ပညာရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာရေးဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ညီလာခံစာတမ်း ဖတ်ကြားဆွေးနွေးရေးနှင့် ပြခန်းများခင်းကျင်း ပြသရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆက်စပ်ဝန်ကြီးဌာနများမှ အစည်းအဝေး တက်ရောက်လာသူများက ညီလာခံဆွေးနွေးပွဲ ခေါင်းစဉ်တစ်ခုချင်းစီအလိုက် လည်းကောင်း၊ ပညာရေးကဏ္ဍများကို အုပ်စုလိုက်လည်းကောင်း အသေးစိတ်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။