ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် ဖြေဆိုနေမှုနှင့် စစ်တွေတက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၁၄

မြန်မာ့အလင်း

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊  ပြည်နယ်ဝန်ကြီးများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းစာစစ်ဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက် ၍ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖတို့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းနောက် ၂၀၂၃ နှစ် တက္ကသိုလ်၀င်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အား‌ပေးကာ တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကြရန် မှာကြားပြီး အဆိုပါကျောင်းများရှိ တည်ဆောက်နေဆဲ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်တူ စစ်တွေတက္ကသိုလ် သို့ သွားရောက်၍ တက္ကသိုလ်တွင် ကျင်းပနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နေ့သင်တန်း စာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် စစ်တွေတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ တက္ကသိုလ်၏ ဥပဓိရုပ် ကောင်းမွန်ရေးအတွက် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေးတို့ကို အလေးထား‌ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ စစ်တွေတက္ကသိုလ်၏ နေ့သင် တန်း စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၆၃၈၄ ဦး ဝင်ရောက်ဖြေဆို ကြကြောင်း သိရသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ် အမှတ်(၆)အ‌ခြေခံပညာ အထက် တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ‌ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့  သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မကျဉ်းမြိုင်၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း (ရူပမြောက်)၊ အခြေခံပညာ မူလတန်းကျောင်း (ရူပမြောက်)၊ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (လမ်းမတော်တောင်)၊ အခြေခံပညာ အလယ်တန်းကျောင်း (ကျေးတော)နှင့် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း (မင်းဂံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ရခိုင်ပြည်နယ်တွင် ခရိုင်ခုနစ်ခု ၊ မြို့နယ် ၁၇ မြို့ရှိ စာစစ်ဌာန ၅၆ခုတွင် ရူပဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် ၁၂၃၇၃ ဦး စာရင်းပေးသွင်းကြပြီး ၁၀၈၂၁ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်သည်။

 ယနေ့ကျင်းပသည့် တက္ကသိုလ်၀င်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်ကို မြန်မာနိုင်ငံ တစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၃၈ခုနှင့် နိုင်ငံခြားစာစစ်ဌာနငါးခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၃ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၃၅၅၉၂ ဦး စာရင်းပေးသွင်းကြပြီး ၁၂၂၅၄၄ ဦး ၀င်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၃၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်