ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုနေမှုနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် စာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၃ မတ် ၁၃

  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်၀င် စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အား‌ပေးသည်။

             ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်၌ ကျင်းပနေသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နေ့သင်တန်းစာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး တက္ကသိုလ်သုတေသနဌာန     သုံးထပ်ဆောင် အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယခုကျင်းပသည့် မိတ္ထီလာတက္ကသိုလ် နေ့သင်တန်းစာမေးပွဲတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၆၁၉၀ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (ပထမနှစ်ဝက်)၊ ပထမနှစ် (ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ် (ပထမနှစ်ဝက်) စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ ၇၅ ဦး၊ သင်တန်းသား သင်တန်းသူ ၆၇၈ ဦးတို့အတွက် နေ့လယ်စာနှင့် မုန့်အာဟာရ  အလှူငွေ ပေးအပ်လှူုဒါန်းသည်။

     ယင်းနောက် အဆိုပါ ပညာရေးဒီဂရီကောလိပ်တွင် တည်ဆောက်နေဆဲ ပင်မသုံးထပ် စာသင်ဆောင်ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

               ယနေ့ကျင်းပသည့် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို မြန်မာနိုင်ငံ တစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ငါးခု၊ စာစစ်ဌာန စုစုပေါင်း  ၈၆၃ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၃၅၅၉၂ ဦး စာရင်းပေးသွင်းကြပြီး ၁၂၂၅၆၈ ဦး ၀င်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။