ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၃ မတ် ၁၀

      ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ၂၀၂၃ နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအား‌ပေးသည်။

ထိုသို့အားပေးကြည့်ရှုရာတွင် နေပြည်တော်ကောင်စီနယ်မြေပညာ‌ရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်စာစစ်ဌာနများဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  စာမေးပွဲကျင်းပစဉ် ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ  အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ် ကြည့်ရှုပေး၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း ၃၉ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၇၁၁၈ ဦး စာရင်းပေးသွင်းကြပြီး သင်္ချာ ဘာသာရပ်ကို ၆၄၂၀  ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။တက္ကသိုလ်၀င်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား မြန်မာနိုင်ငံတစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၅ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၇၉၈၄၃ ဦး စာရင်းပေးသွင်းကြပြီး ၁၆၁၆၃၃ ဦး ဝင်ရောက် ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၉ ဒသမ ၈၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။