နေပြည်တော် ၂၀၂၃ မတ် ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ၂၀၂၃ နှစ် တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထိုသို့အားပေးကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာ၀န်ရှိသူများကို တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စည်းကမ်း ရှိစွာဖြင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့လိုက်နာ ဆောင်ရွက်ကြရမည့် တာ၀န်၀တ္တရားများကို ကျေပွန်စွာဆောင်ရွက် ကြစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်း၀န်းပံ့ပိုး ကူညီဆောင်ရွက် ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးကာ စာမေးပွဲဖြေဆိုမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အလယ်တန်းကျောင်း (ယိုးဒယားကုန်း)၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကြည်မြို့နယ်ရှိ ငါးသိုင်းချောင်း အခြေခံပညာ အထက်တန်းကျောင်း၊ ရေတံခွန်အခြေခံပညာ မူလတန်းကျောင်းများသို့ လည်းကောင်း၊ ရေကြည်မြို့နယ်ရှိ ရေကြည်အခြေခံပညာ အထက်တန်းကျောင်း၊ ဘုရားငူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ လယ်တီအခြေခံပညာ မူလတန်းကျောင်း များသို့လည်းကောင်း၊ အသုတ်မြို့နယ်ရှိ အနောက်ဘက်ကမ်း အခြေခံပညာမူလတန်းကျောင်း၊ အသုတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ သစ်ဆိမ့်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း (ရွှေဂုဏ်တန်း) များသို့လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ မာလာကွင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ လက်ပန်ချောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း များသို့လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
