ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများနှင့် ကျောင်းဆောင်များ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၃ မတ် ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာအထက်တန်း စာစစ်ဌာနများနှင့် ကျောင်းဆောင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက် အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းတနော်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့နယ် တကုန်းကြီး အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍  စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ကျရာတာဝန် အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုစဉ်အတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။ 

ယင်းနောက် စာသင်ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်း၏ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် စာသင်ဆောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ လိုအပ်သည့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို လာမည့်ကျောင်းဖွင့်ချိန်မတိုင်မီ ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ စာသင်ဆောင်များ၊ ကျောင်းသုံးပရိဘောဂများ၊ စက်ပစ္စည်း စသည်များကို ရေရှည်အသုံးပြုနိုင်ရန် စနစ်တကျ စည်းကမ်းရှိရှိ ထိန်းသိမ်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ညောင်တုန်းမြို့နယ် စက္ကော့အခြေခံပညာ အထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း စာသင်ဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အဆောက်အဦအရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးမြောက်ရေးအတွက် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့  ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဆရာ ဆရာမများအနေဖြင့် မိမိတို့နိုင်ငံအတွင်း ပညာတတ်များ ပေါများလာစေရေးအတွက် မိမိတို့တာဝန်ကျရာနေရာတွင် စေတနာ အပြည့်အဝထားပြီး အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် ကြိုးစားသင်ကြား ပေးစေလိုပါကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ဖြင့် ကျေပွန်စွာ ဆောင်ရွက်ကြ‌စေလိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် လုပ်ဖော်ကိုင်ဖက် ပညာရေးမိသားစုအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် နွေးနွေးထွေးထွေးဆက်ဆံ၍ လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာ ခန်းမသို့သွားရောက်၍ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အခြေခံပညာကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဆရာ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသား ကျောင်းသူများကို ပညာတတ်ရုံသာမက ယဉ်ကျေး လိမ်မာပြီး ဂါရဝ၊ နိဝါတတရား ထားရှိတတ်အောင်၊ အကျင့်စာရိတ္တကောင်းမွန်အောင် ပြုစုပျိုးထောင် ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။