အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံအစီရင်ခံစာအား တင်ပြခြင်းနှင့် SEA-PLM 2024 သုတေသနလုပ်ငန်း ဆောင်ရွက်မှုကို အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၃ 

အရှေ့တောင်အာရှမူလတန်းပညာသင်ယူ တတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံSoutheast Asia Primary Learning Metrics (SEA-PLM) 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံအစီရင်ခံစာအားတင်ပြခြင်းနှင့် SEA-PLM 2024 သုတေသန လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူး များ၊ယူနီဆက်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှမူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ(SEA-PLM)သည်မူလတန်းအဆင့်နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade 5) ကျောင်းသားများ၏အရေး၊အဖတ်နှင့်သင်္ချာစွမ်းရည်များကိုစစ်ဆေးတိုင်းတာ နိုင်ရန်အတွက်အာဆီယံဒေသတွင်းကျယ်ပြန့်သော ပညာရည်စစ်ဆေးမှု တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းသင်ယူတတ်မြောက်မှုကိုထင်ဟပ်စေလျက်၂၁ရာစုကျွမ်းကျင်မှု များပါဝင်သောပညာရည် စစ်ဆေးမှုကိုဖြည့်ဆည်းခြင်းအားဖြင့်ပိုမိုကောင်းမွန်တိကျသောသင်ယူမှုရလဒ်များဖြစ်ထွန်း လာစေမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့်တန်းတူညီမျှသောပညာရေးကိုဒေသတွင်းရှိ ကလေးများ အားလုံးရရှိစေမည်ဖြစ်ပါကြောင်း၊

SEA-PLM ပင်မစစ်ဆေးမှု (Main Survey) တွင်ကမ္ဘောဒီးယား၊လာအို၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်နှင့်ဗီယက်နမ်နိုင်ငံတို့ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့ကို ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပညာရေးတက္ကသိုလ်နှင့် UNICEF Myanmar Office မှ ကိုယ်စားလှယ် စုစုပေါင်း ၃၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊“SEA-PLM Myanmar National Report” ကိုဆက်စပ် ဦးစီးဌာနများ၊ပညာရေးဒီဂရီကောလိပ်များ၊ပညာရေးတက္ကသိုလ်များ၊တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးမှူးရုံးများ၊ခရိုင်ပညာရေးမှူး ရုံးများသို့၂၀၂၂ ခုနှစ် ဇွန် ၉ ရက်တွင်ဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း။

ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးက ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၃ရက်အထိကျင်းပသည့် “(၁၃) ကြိမ်မြောက် SEA-PLM Regional Steering Committee အစည်းအဝေးတွင် SEA-PLM 2024 အကြိုစမ်းသပ်စစ်ဆေးမှု (Field Trial) ကို လာမယ့် စက်တင်ဘာလအတွင်း ဆောင်ရွက် သွားရန် ဆုံးဖြတ်ခဲ့သဖြင့် တိုင်းဒေသကြီးနှစ်ခု၊ပြည်နယ် နှစ်ခု မှ Grade – 5 ကျောင်းသား၁၀၀၀ခန့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဤစစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်းသည် သာတူညီမျှပြီးအရည်အသွေးပြည့်ဝသော ပညာရေးကို ဖော်ဆောင်ရန် အတွက် သက်သေအခြေပြု မူဝါဒများ ချမှတ်နိုင်မည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများ တစ်ပြေးညီ သတ်မှတ်ထားသော ပညာရေး စံနှုန်းများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို အကျဉ်းချုပ်တင်ပြသည်။ ယင်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေ သနလုပ်ငန်း၏ အညွှန်းဘောင်များအား တင်ပြသည်။ ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အရာထမ်းများက SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံအစီရင်ခံစာအား တင်ပြသည်။ ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။