နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲနှင့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့် အားကစားရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့သည် တာဝန်ရှိသူ များနှင့်အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြုလုပ်သည့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။
ယနေ့တွင် အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲနှင့် အမျိုးသား အမြင့်ခုန် ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မောင်ခန့်ဇင်ကိုကို (သင်္ကန်းကျွန်း-EDC)က ပထမ၊ ခွန်ရန်နိုင်ထွန်း (တောင်ကြီး- EDC)က ဒုတိယ၊ စိုင်းသီဟစိုး (ဘားအံ-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ၁၅၀၀ အပြေးပြိုင်ပွဲတွင် နန်းစုထွေး (စစ်ကိုင်း- EDC)က ပထမ၊ မခိုင်စံပါယ်ဦး (တောင်ကြီး-EDC)က ဒုတိယ၊ မအေးမြင့်ဦး (ဟားခါး-EDC)က တတိယ ရရှိကြသည်။
ထို့အတူ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စောတူးတူးဘီ (ဘားအံ-EDC)က ပထမ၊ မောင်ကျော်မြတ်သူ (တောင်ကြီး-EDC)က ဒုတိယ၊ မောင်သန့်ဇင်ထွန်း (မိတ္ထီလာ-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ၂၀၀ အပြေးပြိုင်ပွဲတွင် မဆုပြည့်ဦး (ထားဝယ်-EDC)က ပထမ၊ မဆုနံ့သာအောင် (ဘားအံ-EDC)က ဒုတိယ၊ မဆုပိုပိုကျော် (ပုသိမ်-EDC)က တတိယ ရရှိကြသည်။
အလားတူ အမျိုးသား သံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး (ဘားအံ-EDC)က ပထမ၊ မောင်ပြည့်စုံဖြိုး (မိတ္ထီလာ-EDC)က ဒုတိယ၊ မောင်အောင်ကျော်ဇော (မြောင်းမြ-EDC)က တတိယရရှိကြပြီး အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် မသီသီဟန် (မကွေး-EDC)က ပထမ၊ မနန်းမွေဖောင် (လားရှိုး-EDC)က ဒုတိယ၊ မယွန်းစန္ဒီ (တောင်ကြီး-EDC)က တတိယ ရရှိကြသည်။
အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် မောင်ချမ်းသာလှိုင် (မုံရွာ-EDC) က ပထမ၊ မောင်ဂျွန်စော (မိတ္ထီလာ-EDC)က ဒုတိယ၊ မောင်နိုင်ဇင်လတ် (ရန်ကင်း-EDC)က တတိယ ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က ဆုရရှိသည့် အားကစား မောင်မယ်များကို ဆုများချီးမြှင့် ပေးအပ်ကြသည်။
ထို့အတူ ဒုတိယဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(B)ရုံ၌ ကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်း တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို လာရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါပွဲစဉ်တွင် မုံရွာပညာရေး ဒီဂရီကောလိပ်အသင်းက မန္တလေးပညာရေးဒီဂရီ ကောလိပ်အသင်းကို နှစ်ပွဲ-တစ်ပွဲ ဖြင့် အနိုင်ရရှိကာ တတိယရရှိပြီး ရန်ကင်းပညာရေး ဒီဂရီကောလိပ်က တောင်ငူပညာရေး ဒီဂရီကောလိပ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရ ဗိုလ်စွဲ၍ ပထမဆုရရှိသည်။
ပြိုင်ပွဲအပြီးတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့က ဆုရရှိကြသည့် အသင်း များကို ဆုများချီးမြှင့် ပေးအပ်ကြသည်။
ညနေပိုင်းတွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ တတိယနေရာ လုပွဲကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကြသည်။
အဆိုပါပွဲစဉ်တွင် မကွေးပညာရေး ဒီဂရီကောလိပ်အသင်းက ပုသိမ်ပညာရေး ဒီဂရီကောလိပ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တတိယရရှိသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ဆက်လက် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ဇုန်အသင်းက ဒဂုံဇုန်အသင်းကို သုံးဂိုး -ဂိုးမရှိ ဖြင့်လည်းကောင်း၊ ပုသိမ်ဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိကြောင်းနှင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲစဉ်ကိုလည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စုပွဲစဉ်များကို လည်းကောင်း ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
