နေပြည်တော်၂၀၂၃ ဖေဖော်ဝါရီ ၁၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆရာအတတ်ပညာဦးစီဌာန ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ အားကစား သမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ကျင်းပသော အားကစား ပြိုင်ပွဲများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာနှင့်အညီ စည်းလုံးညီညွတ်စွာ စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားရင်း အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားကာ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို လွှင့်တင်၍ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က အားကစားသမားများအား လိုက်လံနှုတ်ဆက် ကြသည်။
ဆက်လက်၍ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူလေးများက Fitness Dance၊ တောင်ငူပညာရေးဒီဂရီကောလိပ်က ကဗျာလွတ်အက၊ မုံရွာပညာရေး ဒီဂရီကောလိပ်က မြန်မာသိုင်း၊ ရန်ကင်းနှင့်လှည်းကူးပညာရေး ဒီဂရီကောလိပ်တို့က ဝူရှူး အားကစားနှင့် သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်က တိုက်ကွမ်ဒို အားကစားတို့ဖြင့် တင်ဆက် ပြသကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမျိုးသားဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ တောင်ကြီး ပညာရေးဒီဂရီကောလိပ်က ပြည်ပညာရေးဒီဂရီကောလိပ်ကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက်မှ လူမှုရေးဦးတည်ချက်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများမှသည် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များကို အောက် မြန်မာပြည်ဇုန် လေးခုနှင့် အထက်မြန်မာပြည်ဇုန် လေးခု သတ်မှတ်၍ လူရွေးပွဲများကို သက်ဆိုင်ရာ ဇုန်အလိုက်မြို့များတွင် ကျင်းပခဲ့ပြီး ဗဟိုအဆင့်ဘောလုံးပြိုင်ပွဲတွင် အားကစား သမား ကျောင်းသား အုပ်ချုပ်၊ နည်းပြ စုစုပေါင်း ၂၀၀ ပါဝင်ကြမည်ဖြစ်သည်။
ပညာရေးဒီဂရီကောလိပ်များမှ အားကစားသမား ကျောင်းသား ကျောင်းသူများသည် ရန်ကုန်ဇုန် (အောက်မြန်မာပြည်ဇုန်)မှ ၄၇၁ ဦးနှင့် မန္တလေးဇုန် (အထက်မြန်မာပြည်ဇုန်)မှ ၄၁၃ ဦး စုစုပေါင်း ၈၈၄ ဦးတို့သည် အားကစားနည်းသုံးမျိုးဖြစ်သော ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းတို့ ယှဉ်ပြိုင်ကစားကြပြီး၊ ဗဟိုအဆင့်တွင် ဇုန်အဆင့်မှ အနိုင်ရရှိလာသော ဘောလုံး လေးသင်း၊ ဘော်လီဘော(အမျိုးသား) လေးသင်း၊ ဘော်လီဘော(အမျိုးသမီး) လေးသင်း၊ ပိုက်ကျော်ခြင်း လေးသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြေးခုန်ပစ်ကစားနည်းကို ပညာရေးဒီဂရီ ကောလိပ်ကျောင်းမှ ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
