ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံ

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၁၅

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေး၊ အခမ်းအနား အတော်များများတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိသည်များကို လမ်းညွှန်မှာကြားလျက်ရှိရာ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် တက္ကသိုလ်ကောလိပ် အကြီးအကဲများ၊ ပညာရေးမှူးကြီးများ အနေဖြင့် အဆိုပါလမ်းညွှန် မှာကြားချက်များကို နေ့စဉ်ထုတ် သတင်းစာများ ဖတ်ရှုခြင်းဖြင့် မျက်ခြည်မပြတ် လေ့လာသိရှိထားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေ့ကာလများတွင် ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်မည်ဟု ဦးတည်ချက်ချမှတ်ထားရာ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြရန်နှင့် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များကို အကြံပြုချက် ပေးပို့ကြစေလိုပါကြောင်း။
လာမည့် မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပမည်ဖြစ်၍ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်း အောင်မြင်ရေးဝိုင်းဝန်း လက်တွဲဆောင်ရွက် စေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တက္ကသိုလ်ကောလိပ်များမှ အင်ဂျင်နီယာများဖြင့်  ဆောက်လုပ်ရေး လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ရာ တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေး စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာသင်ကာလ တစ်နှစ်အတွင်း ပညာတော်သင်များ ရွေးချယ်စေလွှတ် နိုင်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ စိတ်ဝင်စားသူ ဆရာ ဆရာမအားလုံးအား အင်္ဂလိပ်စာ စာမေးပွဲနှင့် သက်ဆိုင်ရာ ဘာသာရပ် စာမေးပွဲကို ကြိုတင်စစ်ဆေးကာ ရရှိသောအမှတ် အဆင့်အလိုက် တန်းစီဇယားထုတ်ပြန် ကြေညာထားမည်ဖြစ်ပြီး အလှည့်ကျ ပညာတော်သင်ဆု လျှောက်ထားခွင့်ပြုမည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပညာရေးဝန်ကြီးဌာနသို့ မှတ်ပုံမတင်ဘဲ ဖွင့်လှစ်သင်ကြားနေသည့် ကိုယ်ပိုင်ကျောင်းများကို စစ်ဆေးကြီးကြပ် ကြရမည်ဖြစ်ပါကြောင်း၊ ပညာသင်နှစ်တစ်နှစ် အောင်မြင်အောင် စီမံဆောင်ရွက် ပေးကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အထက်အောက် အပြန်အလှန် လေးစားတန်ဖိုးထား၍ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ပညာရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ပညာရေးလုပ်ငန်းစဉ် အကောင်ထည်ဖော်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။