တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၇

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့်စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက စာမေးပွဲဖြေဆိုကြမည့် ‌ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲခန်းကြီးကြပ်မည့် ဆရာ ဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်ကြမည့်သူများက  ပံ့ပိုးဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ  မေးခွန်းလုံခြုံမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာဖြေသူများ၏ ရှိ၊ တက်၊ ပျက်စာရင်းများကို မှန်မှန်ကန်ကန်ဖြစ်စေရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

စာမေးပွဲဖြေဆိုစဉ်အတွင်း စာမေးပွဲအခန်းအတွင်းသို့ တာဝန်ပေးအပ်ထားသည့် တာဝန်ကျ ဆရာ ဆရာမများ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှဝင်ခွင့်မရှိပါကြောင်း၊ စာဖြေသူနှင့်စာမေးပွဲလုပ်ငန်းအနှောင့် အယှက်မဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲကျင်းပစဉ်အတွင်း လုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ် စသည်ဖြင့်တွေ့ကြုံရပါက အရေးပေါ်ကာလအတွင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ထံ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲမေးခွန်းနှင့် အဖြေလွှာများကို စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်းအပ်နှံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက်  လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် အခမ်းအနားကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးသက်လွင်နှင့် ဦးအောင်ထိုက်တို့က စာမေးပွဲဆိုင်ရာလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က စာမေးပွဲဖြေဆိုခွင့်ဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က စာစစ်ဌာနလျာထားသတ်မှတ်ခြင်းနှင့် ကြီးကြပ်ရေးမှူးခန့်ထားခြင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက စာမေးပွဲ မေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း ဆွေးနွေးပို့ချကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်တို့မှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်မှ ၈ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။