နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ၁၃
ပညာရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာ စကား ပြောကြားရာတွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဇုန်အဆင့်အဖြစ် မန္တလေး (အထက်မြန်မာပြည်ဇုန်)နှင့် ရန်ကုန်(အောက်မြန်မာပြည်ဇုန်) များကို ဇန်နဝါရီ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အားကစားနည်းများဖြစ်သော ဘောလုံး(အမျိုးသား)၊ ဘော်လီဘော (အမျိုးသား)၊ ဘော်လီဘော(အမျိုးသမီး)နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ဇုန်အဆင့် ကျင်းပခဲ့ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဇုန်အဆင့်အဖြစ် ဇုန် ရှစ်ဇုန်ဖြင့် သတ်မှတ်ပြီး လူရွေးပွဲများကို ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်အထိ သတ်မှတ်ဇုန်အလိုက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း။
အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအားလုံး ကျရာအခန်းကဏ္ဍအလိုက် လုပ်ငန်းများကို ညီညီညွတ်ညွတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က အကြံပြုဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူ များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံဘောလုံး ပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပ ဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ ယနေ့အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
