နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်ရှိ တက္ကသိုလ်ဗဟိုသုတေသနဌာနသို့ သွားရောက်၍ သုတေသနဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနလက်တွေ့ခန်းသုံး ပစ္စည်းများ ကို အကျိုးရှိထိရောက်အောင် စနစ်တကျ အသုံးပြုကြစေလိုပါကြောင်း၊ တန်ဖိုးရှိရှိ အသုံးချမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ပါက ပြန်လည်ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ သုတေသနဖွံ့ဖြိုးတိုးတက် ရေးသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်၍ မိမိတို့ဒေသဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ အောင်မြင်ရေးအတွက် အသုံးချဆောင်ရွက်ကြရန် အားပေးပါကြောင်း၊ မြစ်ကြီးနားတက္ကသိုလ် ဗဟိုသုတေသနဌာန မွမ်းမံထိန်းသိမ်းရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဆိုပါဌာနအတွင်း၌ မြစ်ကြီးနားတက္ကသိုလ် မဟာတန်းကျောင်းသား ကျောင်းသူ များကိုတွေဆုံ၍ ပညာထူးချွန်အောင် ကြိုးစားကြရန်၊ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့် သုတေသနရလဒ်များကို အသုံးချလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မြစ်ကြီးနား တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သင်ကြားသင်ယူရေးနှင့် သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလို ပါကြောင်း၊ မျိုးဆက်သစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်ကအားထားရသည့် လူတော်လူကောင်း ပညာတတ်များဖြစ်အောင် စေတနာထား၍ လေ့ကျင့်ပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးနှင့် တက္ကသိုလ်ဆရာ ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ကြိုးစား သင်ကြားပေးစေလိုပါကြောင်း၊ မြစ်ကြီးနားတက္ကသိုလ်တွင် ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်မည့် ဘာသာရပ်သုံးခုအတွက် ဆရာ ဆရာမ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ သုတေသနသုံး၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရေးအတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး များနှင့် ဆရာ ဆရာမများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
