ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ဆရာဆရာမ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်တွင် တက်ရောက် ပညာသင်ယူနေကြသည့် အနာဂတ်နိုင်ငံတော်အတွက်အားထားရမည့် ဆရာ ဆရာမလောင်းလျာ သင်တန်းသား သင်တန်းသူများကို ယခုလိုတွေ့ဆုံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အခြေခံပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ယခုကတည်းက မိမိတို့ကိုယ်တိုင် ထူးချွန်သော၊ အသင်အပြ ကောင်းမွန်သော ဆရာ ဆရာမများ ဖြစ်လာအောင် ရည်မှန်းကြိုးစား ကြစေလိုပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရသည့်အခါ သင်ကြားပို့ချရမည့်ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာပြန်လည် သင်ကြားပို့ချနိုင်ရေး ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ တာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသား ကျောင်းသူများကို ဆင်းရဲခြင်း၊ ချမ်းသာခြင်းစသည့် မည်သည့်ခွဲခြားမှုမျိုးမှမရှိစေဘဲ အမှန်တကယ်ပညာတတ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက် ပညာရေးမိသားစုအချင်းချင်း မေတ္တာထား၍ ကိုယ်ချင်းစာတရားများဖြင့် အပြန်အလှန် လေးစားစွာဆက်ဆံဆောင်ရွက် ကြစေလိုပါကြောင်း၊ စေတနာဖြူစင်ပြီး ရိုးသားကြိုးစားသည့် နှလုံးလှသောဆရာ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊   နိုင်ငံအတွက် အားထားရမည့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းသမီးမွန်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ ကျောင်းအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ တွေ့ဆုံပွဲအပြီးတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံပွဲသို့ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ပထမနှစ်၊ ပထမနှစ်ဝက်(၂၀၂၂) သင်တန်းသား သင်တန်းသူများ၊ ပထမနှစ်၊ ဒုတိယနှစ်ဝက်(၂၀၂၀) သင်တန်းသား သင်တန်းသူများနှင့် ဒုတိယနှစ်၊ ပထမနှစ်ဝက်(၂၀၁၉) သင်တန်းသား သင်တန်းသူများ၊  စုစုပေါင်းသင်တန်းသား သင်တန်းသူ ၆၀၂ ဦး တက်ရောက်ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ အဆောက်အအုံ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် တည်ဆောက်ဆဲ အဆောက်အအုံအသစ် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။