နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၅
အခြေခံပညာ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သူ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ယူ လေ့ကျင့်နိုင်မည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးလှမိုး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်း စီမံ အုပ်ချုပ်မှုကိစ္စရပ်များ တာဝန်ခွဲဝေခြင်း၊ သင်ရိုးညွှန်းတမ်းများရေးဆွဲ သတ်မှတ်ခြင်း၊ ပုံနှိပ် စာအုပ်များ ရိုက်နှိပ်ခြင်း၊ သင်ကြားမည့် ဆရာ ဆရာမများ သတ်မှတ်ခြင်း၊ ဘာသာရပ်များ ခွဲဝေသတ်မှတ်ခြင်း၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ယူမှုရလဒ်များ စစ်ဆေးခြင်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲ ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ကျောင်းသား ကျောင်းသူများ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ အတွင်းမှ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
