နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၂၁
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ၂၀၂၃ နှစ်သစ်ကို ကြိုဆိုသောအားဖြင့်လည်းကောင်း ပညာရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကို အားပေးချီးမြှောက်ကာ ယနေ့အခမ်းအနားကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍတွင် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု၍ အထူးကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပညာရေးဝန်ထမ်းမိသားစုအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွလက်တွဲ၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားကာ ပညာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အတူတကွ ပျော်ပျော်ပါးပါး နေ့လယ်စာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
