၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၅

၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ နေပြည်တော် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန် ဆရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ထူးချွန်ဆုရရှိသည့် ဆရာကြီး၊ ဆရာမကြီးများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် ဆရာဆရာမများ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုချီးမြှင့်သည်။

ယင်းနောက် နေပြည်တော် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများက  “ပန်းပျိုးသူ” သီချင်းဖြင့် တေးသရုပ်ဖော် တင်ဆက်ကြသည်။ ထို့နောက်  ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးရှိ ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်အထက် အရာထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲ၊  အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်သင် ဆရာ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်/ ကောလိပ်/ သိပ္ပံအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊  တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်/ သိပ္ပံအဆင့် ကဗျာပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲနှင့် အခြေခံပညာ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။