နေပြည်တော် ၂၀၂၁ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၃၀နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ကြရာ၌ နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားသည့်အတိုင်း မိမိတို့အဆင့်အတန်းနှင့် လျော်ညီစွာလုပ်ငန်း တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက် ကြစေလိုပါကြောင်း၊ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ သင်ကြားရေး ဆရာ ဆရာမအသစ်များ မွမ်းမံသင်တန်းတက်ရောက်ပြီးပါက မကြာခင် လုပ်ငန်းခွင်သို့ ဝင်ရောက်လာမည် ဖြစ်ပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် ရောက်ရှိလာသည့် ဆရာ၊ ဆရာမများအား အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများဖြစ်စေရန် လက်တွဲခေါ်ယူ၍ အရည်အသွေးမြှင့်တင် ပေးကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများကိုယ်တိုင် ပညာအရည်အသွေးပြည့်ဝမှသာ အရည်အသွေးပြည့်ဝသော အနာဂတ် သားကောင်းရတနာများကို ပြုစုပျိုးထောင်မွေးထုတ် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ရသော မြို့နယ်၊ ဒေသအတွင်းရှိ ကျောင်းများသို့ ရောက်အောင် ကိုယ်တိုင်သွားရောက်၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ရာတွင် အမှန်တကယ် လိုအပ်ချက်များကို တင်ပြတောင်းခံပါက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူထားသည့် ဒေသများတွင် ပညာရေးလိုအပ်ချက်များ သိအောင်လုပ်၍ တင်ပြပြီး ဖြည့်ဆည်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ အလုပ်တာဝန်ခွဲဝေမှုဖြင့် တိုးတက်အောင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ လူတိုင်းတွင် အရည်အချင်းကိုယ်စီ ရှိကြပါကြောင်း၊ ပညာရေးကောင်းအောင် လက်တွဲဆောင်ရွက်ကြရာတွင် လုပ်ဖော်ကိုင်ဖက်များအပေါ် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ကိုယ်ချင်းစာစိတ်ဖြင့် အဆင့်ဆင့်အုပ်ချုပ် ဆောင်ရွက်ကြစေလို ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က ဖြည့်စွက်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူး ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက သက်ဆိုင်ရာ မြို့နယ်အလိုက် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးဦးဇော်ဝင်းက ပြန်လည်ညှိနှိုင်းဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
