နေပြည်တော် ၂၀၂၁ ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့သို့ သွားရောက်၍ သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမ များနှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ရှေးဦးစွာ အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှု့ရာတွင် ပြည်ထောက်စုဝန်ကြီး ဒေါက်တာညွန်ဖေက အခြေခံပညာကျောင်းများ၏ အဓိကကျသော စာသင်ဆောင်၊ စာသင်ခန်း၊ စာသင်ခုံ၊ သန့်စင်ခန်း၊ ရေ၊ မီး စသည့် အခြေခံအချက်အလက်များကို အဓိကထား၍ ပြုပြင်ပြင်ဆင် ထားကြရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန် လည်ဖွင့်လှစ် နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သာယာရေးနှင့် ဝန်ထမ်းအိမ်ရာကဲ့သို့သော အသေးစိတ် လိုအပ်ချက်များကို ဖြည့်ဆည်းပြင်ဆင်ထားကြရန်လိုပါကြောင်း၊ လစ်လပ်နေသည့် ကျောင်းအုပ်များ အမြန်ဆုံး ခန့်ထားဖြည့်ဆည်းပေးသွားရန်ဖြစ်ပြီး သင်ကြားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ ထိရောက်မြန်ဆန်ရေးအတွက် အလေးထား ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိကျောင်းအတွက် ဖြည့်ဆည်းရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း၊ လိုအပ်ချက်အမှန်ကို တင်ပြမှသာ မှန်ကန်သောဖြည့်ဆည်းမှုဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မြို့လယ်ကျောင်း၊ မြို့စွန်ကျောင်း ခွဲခြားမှု မပြုဘဲ ကျောင်းများ၊ ဆရာဆရာမများအားလုံး တန်းတူအခွင့်အရေးရရှိရန် ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ညီမျှစွာဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် နိုင်ငံ၏အနာဂါတ် ခေါင်းဆောင်များဖြစ်သည့် ကျောင်းသား ကျောင်းသူများအားလုံးကို ပညာ သင်ယူမှုအခွင့်အလမ်း တူညီစွာရရှိရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း မှာကြား သည်။
ထို့နောက် ဆရာဆရာများက မိမိတို့၏အခက်အခဲများနှင့် သိလိုသည်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) သို့ သွားရောက်၍ နည်းပညာနှင့်သက်မွေးပညာသင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးက နည်းပညာနှင့် သက်မွေးပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးပြင်ဆင်ဆောင်ရွက်မှုများကို သတ်မှတ်ကာလအတွင်း ထိရောက် မြန်ဆန်စွာ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းနှင့် လူငယ် လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် နိုင်ငံတကာနှင့်ပူးပေါင်း၍ ဒေသထွက် စားသောက်ကုန်ကြမ်းများအသုံးပြုကာ အစားအသောက်နှင့် မုန့်မျိုးစုံထုတ်လုပ်ရေး နည်းပညာသင်တန်းများဖွင့်လှစ်ရေးနှင့် လယ်ယာသုံး စက်ကိရိယာများ မောင်းနှင်၊ ပြုပြင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ် လေ့ကျင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာ ကြားသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering)၊ လျှပ်စစ်ဆက်သွယ်ရေးအင်ဂျင်နီယာဘာသာရပ်(Electronic Engineering)၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်(Electrical Power Engineering)၊ စက်မှုစွမ်းအား အင်ဂျင်နီယာဘာသာရပ် (Mechanical Engineering) နှင့် သုတနည်းပညာ အင်ဂျင်နီယာ ဘာသာရပ် (Information Technology) စသည့် ပုံမှန် AGTI သင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုဆိုင်ရာ ကာလတိုသင်တန်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာနအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)နှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းကျောင်း(နေပြည်တော်)တို့ကို ဖွင့်လှစ် ထားရှိကြောင်း သတင်း ရရှိသည်။
