ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၁ ဖေဖော်ဝါရီ ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဉတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံ ပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် ရေပြာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အခြေခံပညာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ က သက်ဆိုင်ရာပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာဆရာမများနှင့် တွေ့ဆုံရာတွင် မိမိတို့ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ရေးနည်းလမ်းများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ စာသင်ယူလိုစိတ်ကို ပံ့ပိုးပေးနိုင်ရန် ကျောင်းပရဝဏ်သာယာလှပရေး၊ စာသင်ဆောင်၊ စာသင်ခန်းများ၊ မျက်နှာကျက်များ၊ စာသင်ခုံများ ပြင်ဆင်မွမ်းမံရေး၊ ဆရာကျောင်းသားအချိုးအရ လိုအပ်သောသန့်စင်ခန်းများ ဖြည့်ဆည်းပေးရေး၊ ဆရာ ဆရာမဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးရေးအတွက် မှာကြားကာ လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာ စောင့်ထိန်းကာ ပညာရေးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားရေးအရည်အသွေးမြင့်မားရေးအတွက် အရည်အသွေးမြှင့်တင်ရေးသင်တန်း များဖွင့်လှစ်ပေးရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများဖွင့်လှစ် နိုင်ရေးအတွက် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးပြင်ဆင်ဆောင်ရွက်မှုများကို သတ်မှတ်ကာလအတွင်း ထိရောက်မြန်ဆန်စွာ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း မှာကြား ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီစဉ်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။