၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ

ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁)၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ကျောင်းများနှင့် ပညာသင်ယူရာဌာန အားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေးကို ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

သင်ယူမှုရလဒ်များ တိုးတက်ရေး

ပညာရေးအဆင့်အသီးသီးတွင် ပညာရည်စစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမှာ ပညာရေး အာမခံမှုရှိရေး၊ ကျောင်းနှင့်ပညာရေးစနစ် တိုးတက် ရေးနှင့် ကျောင်းသားများ၏ သင်ယူမှုတိုးတက်ရေး ရည်မှန်းချက်များအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ပညာအရည်အသွေး တိုးတက်ရေးနှင့် ယင်းသို့တိုးတက်ခြင်းဖြင့် ကျောင်းသားများ၏ သင်ယူမှု ရလဒ်များ တိုးတက်ရေးပင်ဖြစ်ပါသည်။

စဉ်းစားတွေးခေါ်မှု တိုးတက်လာစေရန်

တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အလွတ်ကျက်မှတ်ဖြေဆိုမှု လျော့နည်းစေရန်နှင့် စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်ကိုးခု၏ မေးခွန်းပုံစံသစ်များ ပြောင်းလဲရန်နှင့် ပတ်သက်၍ ၂ဝ၁၈ ခုနှစ် ဧပြီလ၂၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာအစည်းအဝေးခန်း၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား ပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရှင်ဆရာကြီး ဆရာမကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ တာဝန်ရှိသူများ က သတင်းစာ၊ ဆောင်းပါးများ၊ ရုပ်မြင်သံကြားဆွေးနွေးပွဲ များ၊ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တို့ဖြင့် အသိပေး တင်ပြနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဘာသာရပ်ကိုးခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) မြန်မာစာ ဘာသာရပ်

(၂) အင်္ဂလိပ်စာ ဘာသာရပ်

(၃) သင်္ချာ ဘာသာရပ်

(၄) ဓာတုဗေဒ ဘာသာရပ်

(၅) ရူပဗေဒ ဘာသာရပ်

(၆) ဇီဝဗေဒ ဘာသာရပ်

(၇) ပထဝီဝင် ဘာသာရပ်

(၈) သမိုင်း ဘာသာရပ်

(၉) ဘောဂဗေဒဘာသာရပ်တို့ ဖြစ်ပါသည်။

စိတ်ကြိုက်မြန်မာစာ ဘာသာရပ် မေးခွန်းပုံစံကိုမူ ပြောင်းလဲမည်မဟုတ်ပါ။

သိမှတ်ဖွယ်ရာ အချက်အလက်များ

၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာရပ်အသီးသီး၏ မေးခွန်းပုံစံသစ်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ အချက်အလက်များကို တင်ပြ ရလျှင် မေးခွန်းပုံစံသစ်တွင် အလွတ်ကျက်မှတ်မှုထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသော မေးခွန်း များ ပိုမိုပါဝင်လာမည် ဖြစ်ပါသည်။ ထို့ပြင် မေးခွန်းလွှာတွင် ရွေးချယ်စရာ မေးခွန်းအရေအတွက် များနေပါက သင်ခန်းစာ အချို့ကို စာမေးပွဲတွင် မဖြေဆိုဘဲ ရှောင်လွှဲခွင့် ရနိုင်ခြင်း ကြောင့် တတ်မြောက်မှုအားနည်းနိုင်သည့်အတွက် မေးခွန်း ပုံစံသစ်တွင် ရွေးချယ်စရာ မေးခွန်းပုဒ်ရေကို လျှော့ချထား ပါသည်။ မေးခွန်းပုံစံတစ်ခုလုံး ပြောင်းလဲ သွားခြင်း မဟုတ်ဘဲ မေးခွန်းပုံစံအများစုကို ယခင်မေးရိုး မေးစဉ် အတိုင်း ဆက်လက်ထည့်သွင်းမေးမြန်းမည် ဖြစ်ပါသည်။

အရေးကြီးသော အချက်များကို တင်ပြရလျှင်-

(က) မေးခွန်းပုံစံများမှာ လုံးဝ အသစ်ပြောင်းလဲခြင်း မဟုတ်ပါ။

(ခ) မေးခွန်းပုံစံသစ်တွင် မေးခွန်းပုံစံဟောင်းမှာ ကဲ့သို့ ပင် အလွတ်ကျက်မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများပေါင်းစပ် ပါဝင်မည်ဖြစ်သည်။ သို့သော် စဉ်းစားတွေးခေါ် ရသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ်ပါသည်။

(ဂ) သင်ယူသူများကို သင်ရိုးကုန်လေ့လာစေရန် ရည်ရွယ်ပြီး သင်ခန်းစာများအားလုံးကို လွှမ်းခြုံ မေးမြန်းမည် ဖြစ်ပါသည်။

(ဃ) မေးခွန်းပုံစံတွင် လွယ်၊ သင့်၊ ခက် မျှတစွာ ပါဝင်ပြီး သင်ရိုးများအားလုံး ကျေညက်စွာ လေ့လာထား သော ကျောင်းသား ကျောင်းသူများ အလွယ်တကူ ဖြေဆိုနိုင်မည့်မေးခွန်းမျိုး ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်း တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် မေးခွန်းပုံစံနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလာသော သင်ကြား သင်ယူမှုများမှတစ်ဆင့် စဉ်းစားဆင်ခြင် ဝေဖန်နိုင်စွမ်း ရှိလာစေရန်နှင့် အလွတ်ကျက်မှတ်ဖြေဆိုမှု လျော့နည်း လာစေပြီး စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။

သင်ယူတတ်မြောက်မှု မြင့်မားလာမည်

နှစ်စဉ်မေးနေကျ ပုံစံတူမေးခွန်းအစား တွေးခေါ် မြော်မြင်နိုင်မှုကို အားပြုသော မေးခွန်းများကို ပိုမို ထည့်သွင်းခြင်းအားဖြင့် မေးခွန်း၏ အနှစ်သာရ မြင့်မားလာမည်ဖြစ်သကဲ့သို့ ကျောင်းသား ကျောင်းသူ တို့၏ သင်ယူတတ်မြောက်မှုသည်လည်း ပိုမိုမြင့်မား လာမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ သည်လည်း မိမိတို့၏ တတ်မြောက်ကျွမ်းကျင်မှု အဆင့်နှင့်အညီ ဖြေဆိုနိုင်မည် ဖြစ်ပါသည်။ စဉ်းစား တွေးခေါ်မှုကို ဦးတည်ဆောင်ရွက်ထားသော မေးခွန်း များသည် စဉ်းစားတွေးခေါ်မှုနှင့် သင်ကြားသင်ယူမှု စာသင်ခန်းများကို ပုံဖော်နိုင်ကြမည်ဖြစ်သည်။ ထိုစာသင်ခန်းမှသည် အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်မည့် စဉ်းစားတွေးခေါ်နိုင်မှု မြင့်မား၍ တီထွင်ကြံဆနိုင်စွမ်းရှိပြီး ပူးပေါင်းဆောင်ရွက်တတ် သော လူသားကောင်းများ ဖြစ်ထွန်းလာနိုင်မည်မှာ မလွဲဧကန် ဖြစ်ပါသည်။

ဒေါက်တာခိုင်မြဲ(ပညာရေး)