အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်

 

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁၆

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ဆုချီးမြှင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အနာဂတ်ခေါင်းဆောင် ကျောင်းသားလူငယ်များကို အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရန် လိုအပ်သည့်အရည်အသွေးများအနက် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် မြင့်မားရေးသည် အရေးကြီးပါကြောင်း။

 

အနာဂတ် နိုင်ငံတော်ကို ဦးဆောင်ကြမည့် ကျောင်းသား လူငယ်များကို နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာဘာသာစကားစွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစား တွေးခေါ်ဉာဏ် ရင့်သန်ပြီး သင်္ချာဘာသာရပ်ဆိုင်ရာ ဉာဏ်ရည်တိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်ရေး ရည်မှန်းချက်ထား ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် Grade-5, Grade-6, Grade-7, Grade-8 နှင့် Grade-9 အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

 

ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ ဖြေဆိုမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အတန်းအလိုက် ပထမဆု ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ကို ပြသတင်ဆက်ကြကြောင်း သိရသည်။