ရန်ကုန် ၂၀၂၅ မတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်များ၊ ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ရည်မှန်းထားသည့် ရည်မှန်းချက်များအတိုင်း ဖြစ်လာစေရန် ပညာသင်နှစ်အတွင်း ကြိုးစားကျက်မှတ် လေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို ကြိုးစား ဖြေဆိုကြစေလိုကြောင်း အားပေးစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများသည် စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း လမ်းမတော်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် တာမွေမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်တက္ကသိုလ် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဆိုင်ရာစင်တာ (Center for Research and Innovation) ရှိ Innovative Biophysics Lab နှင့် Molecular Lab ခန်းများတွင် အသုံးပြုလျက်ရှိသည့် သုတေသနဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းများတွင် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်မှူးချုပ်တာဝန်ယူ ဆောင်ရွက်ကြသည့် တက္ကသိုလ်အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
