ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၄ မေ ၁၅

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး နေပြည်တော် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနနှင့် နေပြည်တော် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့ကြသည့် စေတနာလုပ်အားပေးနည်းပြများနှင့် ကြီးကြပ်များ၊ စာသင်သား ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် ပညာရေးမိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ကောက်ယူခဲ့သည့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်းလုံးတွင် အသက် ၁၅ နှစ်နှင့် အထက် လူငယ်နှင့်သက်ကြီး စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းအရ စာမတတ်သူ ဦးရေပမာဏများပြားနေမှုကို နှစ်အလိုက် လျှော့ချသွားနိုင်ရေးသည် နိုင်ငံအတွက်များစွာ အရေးကြီးနေပါကြောင်း၊ ကျောင်းနေခွင့်ဆုံးရှုံးနေသည့် ကလေးများအရေအတွက်သည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ထုတ်ပြန်ထားချက်အရ ကျောင်းသင်ပညာရေးစနစ်ဖြင့် မသင်ကြားခဲ့ရသူ၊ ကျောင်းမနေခဲ့ရသူများနှင့် ကျောင်းပြင်ပရောက်ရှိနေကြသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ကျောင်းမနေခဲ့ရသူ၊ ကျောင်းပြင်ပရောက် ဒေသအသီးသီးရှိ ကလေးများကို ကျောင်းပြင်ပပညာရေးနည်းလမ်းများဖြင့် ဒုတိယအကြိမ် သင်ကြားပေးသွားနိုင်ရေးကို အလေးထားဆောင်ရွက်ပေးမှသာ နိုင်ငံအတွင်း၊ ဒေသအတွင်းဖွံ့ဖြိုးမှု၊ အလုပ်အကိုင်ရရှိမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် စာသင်သားပေါင်း ၉၀၇ ဦး တို့ကို စာသင်ဝိုင်း ပေါင်း ၁၁၄ ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြနှင့်ကြီးကြပ် စုစုပေါင်း ၁၆၇ ဦးတို့က နေပြည်တော်အတွင်း စာမတတ်သူဦးရေ လျှော့ချနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၏ အနီးကပ်စီမံမှုဖြင့် သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ရပ်ရွာအတွင်း၌ ရှိနေသေးသည့် စာမတတ်သူများထဲမှ စည်းရုံးရရှိနိုင်သူများကို နှစ်အလိုက် စာတတ်မြောက်ရေးလုပ်ငန်း ဆက်လက်သင်ကြားပေးသွားနိုင်ရေးနှင့် စာတတ်ပြီးစသူများကို သင်ကြားပေးခြင်းပါဝင်သည့် စာဖတ်ရှိန်မြှင့်တင်ပေးရေး၊ ဝင်ငွေတိုးပွားအောင်ချိတ်ဆက်ဆောင်ရွက်ပေးရေးနှင့် အခြေခံလူတန်းစားပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ဘဝသာယာရေးပညာပေး အစီအစဉ်များပါဝင်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ၏ နည်းပညာ ထောက်ပံ့မှု၊ ပံ့ပိုးပစ္စည်းများ ထောက်ပံ့မှုတို့ကိုရယူ၍ နေပြည်တော်ကောင်စီက နှစ်အလိုက် အစီအစဉ်များရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာတတ်မြောက်ရေးအတွက် သင်ယူခဲ့ကြသည့် စာသင်သားပြည်သူများ၊ သင်ပေးခဲ့သူ စေတနာလုပ်အားပေးနည်းပြများ၊ ကြီးကြပ်များအားလုံးနှင့် ပံ့ပိုးကူညီပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနနှင့်တကွ အခြေခံပညာဆရာ ဆရာမများကို နေပြည်တော်ကောင်စီက ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုစကားပြောကြားသည်။

 

ယင်း‌နောက် ပြည်ထောင်စုဝန်ကြီးက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော နေပြည်တော်ကောင်စီနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့ကို မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်ပညာရေးမှူး ဒေါက်တာကျော်လွင်တို့က လက်ခံရယူသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့ကြသည့် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များကို  မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ရာ ခရိုင်ကိုယ်စားလှယ် ဆရာ ဆရာမများကလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက  အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူတတ်မြောက်ခဲ့ကြသည့် စာသင်သားများကို သင်ယူပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ရာ ခရိုင်ကိုယ်စားလှယ်လေးဦးကလည်းကောင်း လက်ခံရယူကြသည်။

 

ထို့နောက် စာသင်သားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့ကြသည့် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူတတ်မြောက်ခဲ့ကြသည့် စာသင်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။