တောင်ကြီး ၂၀၂၃ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (၂၀၂၃ ခုနှစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။ ဦးစွာ အခြေခံပညာ ကျောင်းသား ကျောင်းသူများက လူတိုင်းအတွက်ပညာရေး ကိုယ်စား ပြု “ဝထကလသ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြု ဖွင့်လှစ်သည်။
ရက်(၄၀)တိုင် အောင် ဆောင်ရွက်သွားမည်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့သည် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်များတွင် ဇန်နဝါရီလ (၂၂) ရက်နေ့မှစ၍ ရက် (၄၀) တိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်နယ်အတွက် ဝမ်းမြောက်ဂုဏ်ယူရသည့် နေ့ ဖြစ်ပါကြောင်း။
အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်းများရဲ့ အောင်မြင်မှုရလဒ်များအဖြစ် ကုလသမဂ္ဂ လက်အောက်ခံ ယူနက်စကိုအဖွဲ့ကြီးက ချီးမြှင့်သည့် မိုဟာမက်ရီဇာပါလာဗီဆုကို ၁၉၇၁ ခုနှစ် နှင့် နိုမာဆုတို့ကို ၁၉၈၃ ခုနှစ်များတွင် ရရှိခဲ့သည့်အတွက် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်တင့်တယ်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်၊ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများညီလာခံက ထုတ်ပြန်ထားသည့် အင်ချွန်းကြေညာစာတမ်းပါ “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ် အရောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်များနဲ့ အရွယ်ရောက် ပြီးသူ အမျိုးသားများနှင့် အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့် အတွက်အချက် တက် မြောက်စေရေး” ဟူသော ဘုံရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင် မြန်မာနိုင်ငံတွင် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းများရေးဆွဲ၍ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။
နိုင်ငံတော်အနေဖြင့် ကျောင်းသင်ပညာရေးကို အားပေးသလို ကျောင်းပြင်ပပညာရေး ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန်နှင့် “စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေး” ကို ဆောင်ရွက်သွားရန်အတွက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် က မိန့်ကြားထားခဲ့ပြီးဖြစ်ပါကြောင်း။
အထူးပင် ကျေးဇူးတင်
ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် (၃) ခုတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပူးပေါင်းညှိနှိုင်း စီမံဆောင်ရွက်ပေးသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်က ဖွဲ့စည်းပေးထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ နာယက၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က အမှာစကား ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များကို ဂုဏ်ပြုဆုငွေများပေးအပ်ကြပြီး ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် အကထ(ခွဲ)၊ ပေါင်လင်းစက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း တည်ဆောက်နေမှုကို ကြည်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ချင်းကုန်း စာတတ် မြောက်ရေးစာသင်ဝိုင်းနှင့် တောင်ကြီးမြို့ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ ဒုံအုံး စာတတ်မြောက် ရေးစာသင်ဝိုင်းများသို့ သွားရောက်၍ စာတတ်မြောက်ရေး သင်ကြားသင်ယူနေမှုများကို ကြည့်ရှု အားပေးကာ စာသင်သားများနှင့် နည်းပြများကို စာတတ်မြောက်ရေး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
