နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၇
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်မည့် “Teacher Exchange Program”၏ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ Hybrid Format စနစ်ဖြင့်ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Teacher Exchange Program သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၀) က ပံ့ပိုးသော စီမံကိန်းများထဲမှ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သင်ကြားသင်ယူမှုနည်း စနစ်များ၊ အတွေ့အကြုံများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန် ဖလှယ်နိုင်မည်ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယားနိုင်ငံများမှ စာတမ်းများဖတ်ကြားကာ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး ပညာရေးတက္ကသိုလ်မှ ပညာရှင်များလည်း တက်ရောက်ဆွေးနွေးမည်ဖြစ်သဖြင့် ပညာရေးမူဝါဒများ၊ သီအိုရီများ၊ သင်ရိုးညွှန်းတမ်းများ၊ စစ်ဆေးအကဲဖြတ်စနစ်များ၊ သင်ပြနည်းပညာများ၊ သင်ကြား သင်ယူမှု အတွေ့အကြုံများ၊ ရင်ဆိုင်ရသောစိန်ခေါ်မှုများ၊ ရရှိသောသင်ခန်းစာများနှင့် မိမိနိုင်ငံ အသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပညာရေးပြုပြင် ပြောင်းလဲမှုများကို အချင်းချင်းမျှဝေခြင်းမှတစ်ဆင့် နောင်အနာဂတ်တွင် ဆရာများ အပြန်အလှန် စေလွှတ်နိုင်မည် ဖြစ်ကြောင်းနှင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှုယန္တရားကို တည်ဆောက်ကာ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ရန် အထောက်အပံ့ပေးခြင်းအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က အမှာစကားပြောကြားသည်။ ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့၏ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက အမှာစကားပြောကြား ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ်မှ ပါမောက္ခများ၊ ပညာရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဖိတ်ကြားထားသော ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနားကို မတ် ၁ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
