ကျောက်ဖြူ ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ ကျောက်ဖြူမြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ဆင်းရဲ၊ ချမ်းသာ ခွဲခြားဆက်ဆံမှုမရှိဘဲ စေတနာအပြည့်ဖြင့် ကျောင်းသားများကို အမှန်တကယ် နားလည် တတ်ကျွမ်းသူများဖြစ်စေရန် လေ့ကျင့်သင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့ ကျောင်းအလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ် ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးတို့ ပူးပေါင်းကာ ညီညီညွတ်ညွတ်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ အဆောက်အဦပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ စာသင်ကျောင်းများတွင် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် အဝီစိတွင်း၊ ရေစင်၊ ရေသန့်စက်များကို ကျောင်းများတွင် တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိ သေးသည့်ကျောင်းများတွင် ဆိုလာစနစ်ဖြင့် ရေစက်တပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမများ လိုအပ်ချက်၊ ဘောလုံးကွင်းနှင့် အားကစားရုံလိုအပ်ချက်၊ ခြံစည်းရိုးလိုအပ်ချက်၊ စာသင်ဆောင်၊ စာသင်ခန်း၊ စာရေးခုံ၊ ကွန်ပျူတာ၊ သင်ထောက်ကူပစ္စည်းစသည့် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းအတွင်း ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံကာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတတ်များ များစွာမွေးထုတ်ပေးရန် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားလေ့ရှိပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များသည် မိမိတို့နိုင်ငံ အတွက် ထူးချွန်ထက်မြတ်သည့် ကျောင်းသားကျောင်းသူများကို လေ့ကျင့်မွေးထုတ် ပေးမည့်ဆရာဆရာမကောင်းများ လေ့ကျင့်ပျိုးထောင်ပေးသည့် ကျောင်းကြီးများ ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးစား သင်ယူကြရန်နှင့် မိမိတို့သင်ကြားရေး တာဝန်ယူဆောင်ရွက်ရာတွင်လည်း စေတနာ အပြည့်ဖြင့် အမှန်တကယ် နားလည်တတ်ကျွမ်းသူများဖြစ်စေရန် သင်ကြားပေးကြစေလို ပါကြောင်း ပြောကြားသည်။ ယင်းနောက် ပညာရေးဒီဂရီကောလိပ် ဆရာ၊ ဆရာမ များနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် အိပ်ဆောင်၊ စာသင်ဆောင်နှင့် သင်ကြားသင်ယူမှုအတွက် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ လေ့ကျင့်ရေးအလယ် တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရင်းနှင့် အခြေခံ ပညာအလယ်တန်းကျောင်း ကုလားဘာတောင်(မြို့)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(ငလပွေ့ရပ်ကွက်)များသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
