ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့် ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

 

ရန်ကုန် ၂၀၂၃ စက်တင်ဘာ ၂၁

 

ပညာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကပညာရေးဥပဒေ လိုက်နာဆောင်ရွက်ရေးကိစ္စ၊ ပုဂ္ဂလိကကျောင်းဆိုင်ရာ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်ဗီဇာနှင့် ဗီဇာသက်တမ်းတိုးခွင့်ကိစ္စ၊ ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ရေးကိစ္စနှင့် ပုဂ္ဂလိကကျောင်းဆရာများ မှတ်ပုံတင်ရေးကိစ္စတို့ကို အပိုင်းလေးပိုင်းခွဲ၍ ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ် နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရန်၊ မြန်မာ့ယဉ်‌ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းသင် အခြေခံပညာ ကျောင်းများအားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့်တစ်ပြေးညီ တူညီရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများအားလုံး တစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ် တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးတို့က ဆရာဖြစ်လက်မှတ်ရရှိရေး၊ နိုင်ငံခြားသားဆရာများ ဗီဇာရရှိရေး၊ ပုဂ္ဂလိကကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပုဂ္ဂလိကကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသော ပုဂ္ဂလိကကျောင်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ် ၁၆ ရက်မှ နို၀င်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော မြို့နယ်ပညာရေးမှူးများအတွက် ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းသို့ သွားရောက်၍ သင်တန်းသား သင်တန်းသူများနှင့်‌ တွေ့ဆုံအားပေးစကား‌ ပြောကြားခဲ့ကြောင်း သိရသည်။